သင်တန်းစည်းကမ်းများ

ဒီသင်တန်းဟာ ဗေဒင်ပညာ၊ လောကီပညာအားလုံးကို စနစ်တကျ စုစည်းပြီး တနေရာထဲကနေ ဖတ်ရှုလေ့လာနိုင်အောင် အထူးပြုလုပ်ဖန်တီးထားတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။ သင်တန်းအမျိုးမျိုးကို သင်ကြားပေးဖို့ ရည်ရွယ်ထားတဲ့အတွက် သင်တန်းသားတွေဟာ အောက်ပါစည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ ဖတ်ရှုပေးထားဖို့ လိုအပ်မှာဖြစ်ပြီး မကြာခဏ စည်းကမ်းအပြောင်းအလဲရှိနိင်တဲ့အတွက် မကြာမကြာ ဝင်ဖတ်ပေးဖို့လည်း လိုကြောင်း အသိပေးလိုပါတယ်။ သင်တန်းသားတစ်ယောက်ဖြစ်လာပါက ဒီစည်းကမ်းတွေကို လိုက်နာပြီးဖြစ်တယ်လို့ ယူဆသွားမှာဖြစ်ပါတယ်။ အကယ်၍ စည်းကမ်းဖောက်ဖျက်သော သင်တန်းသားဖြစ်ပါက အချိန်မရွေး အပြစ်ပေးနိုင်ကြောင်းလည်း နားလည်လက်ခံ၊ သဘောတူညီပြီးဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် စည်းကမ်းချက်တွေသေသေချာချာဖတ်ထားပါ။ နားမလည်ရင်မေးပါ။ လက်ခံနိုင်မှ သင်တန်းတက်ပါခင်ဗျာ ...

လောကီပညာသင်တန်း ရည်မှန်းချက်

ဒီသင်တန်းမှာ သက်ဆိုင်ရာ သင်ခန်းစာအမျိုးအစားအလိုက်၊ သင်တန်းအလိုက် လျှို့ဝှက်ထားတဲ့ မြန်မာ့ဂမ္ဘီရညာရပ်တွေကို စနစ်တကျသင်ပေးသွားမှာဖြစ်ပါတယ်။ ဝိဇ္ဇာဓရလောကီပညာရပ်တွေကို ကျကျနန နားလည်ထားပြီးမှ စနစ်တကျ တတ်မြောက်ထားချင်တယ်ဆိုရင် မိတ်ဆွေဒီသင်တန်းကို ရွေးချယ်တာ မှန်ကန်သွားပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ စစ်မှန်တဲ့ မြန်မာ့ဂမ္ဘီရပညာရပ်တွေကို စနစ်တကျသင်ယူလေ့လာပြီးမှ ပြန်လည်သင်ကြားပေးထားတဲ့ သင်ခန်းစာမျိုးတွေပါဝင်နေလို့ပါ။ ဒီသင်ခန်းစာတွေထဲမှာ နာမည်ရှိပါတယ်ဆိုတဲ့ ဂိုဏ်းဂဏတွေမှာတောင် ရေလည်အောင် ရှင်းမပြနိုင်တဲ့ လျှို့ဝှက်ချက်တွေကိုပါ ထည့်သွင်းရှင်းပြထားတဲ့အတွက် အင်မတန်မှ အကျိုးကျေးဇူးကြီးမားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဝိဇ္ဇာလမ်းလိုက်ပြီး ယောင်ဝါးဝါးနဲ့ စမ်းတဝါးဝါးဖြစ်နေသူများအတွက် ဒီသင်တန်းမျိုးတွေဟာ အင်မတန်မှ သင့်တော်ပါတယ်။ စစ်မှန်ရှားပါးပြီး တန်ဖိုးရှိလှတဲ့ သင်တန်းဖြစ်တဲ့အတွက် မိတ်ဆွေဟာ သင်တန်းကြေးတင်မက အဆင့်အလိုက် အသင်းဝင်ကြေးတွေကိုပါ ပေးသွင်းထားရမှာဖြစ်ပါတယ်။ ဒီသင်တန်းမျိုးကို အခမဲ့ သင်ကြားပေးဖို့ ရည်ရွယ်ရင်းရှိခဲ့ပေမယ့် တန်ဖိုးမဲ့မဖြစ်စေဖို့ သတ်မှတ်တန်ဖိုးနဲ့ လုပ်ပေးလိုက်တာပါ။ တကယ်တန်းပြောရရင် အဲဒီသတ်မှတ်ထားတဲ့ တန်ဖိုးထက်တောင်မှ တန်ဖိုးကြီးမားတဲ့ ပညာရပ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် ပိုက်ဆံပေးနိုင်ရင် ဒီပညာတတ်မှာပဲလို့ မိတ်ဆွေတို့ ထင်ရင်တော့ မှားကောင်းမှားနိုင်ပါမယ်။ စစ်မှန်တဲ့ သင်တန်းသားတစ်ယောက်ဖြစ်လာဖို့ ငွေကြေးတတ်နိုင်ရုံလောက်နဲ့ သင်ကြားပေးမယ့် သင်တန်းမဟုတ်ကြောင်း သတိပြုပါခင်ဗျာ။ အဆင့်ဆင့် စစ်ဆေးပြီးမှသာ သင်တန်းဝင်တစ်ယောက်အဖြစ် လက်ခံပြီး သင်ကြားပေးမှာဖြစ်ကြောင်း ကြိုတင်အသိပေးထားပါရစေ။

သင်တန်းကြေး

သင်တန်းကြေးဆိုတာ သက်ဆိုင်ရာ သင်တန်းအလိုက် သတ်မှတ်ထားတဲ့ ဉာဏ်ပူဇော်ခနှုန်းထားဖြစ်ပါတယ်။ အဲဒီနှုန်းထားတွေကို သက်ဆိုင်ရာ သင်တန်းအလိုက် တရားဝင်ဖော်ပြပေးထားမှာဖြစ်ပြီး ဖော်ပြထားသောနှုန်းထားသည်သာ အတည်ဖြစ်ပါတယ်။ အကြောင်းအားလျှော်စွာ နှုန်းထားအပြောင်းအလဲရှိပါကလည်း အဲဒီမှာ ဖော်ပြပေးမယ့် နှုန်းထားများသည်သာ အတည်ဖြစ်ပါတယ်။ နှုန်းထားကို သေချာစွာ ဖတ်ရှုပြီး သင်တန်းတက်နိုင်မှ တက်ပါခင်ဗျာ။ ကျနော့်အနေနဲ့ အပြောတမျိုး၊ အလုပ်တမျိုးလို့ အထင်မခံလိုတဲ့အတွက် စျေးလျော့ခိုင်းခြင်း၊ ဘယ်သူ့အသိပါဟုပြောခြင်းများအား လက်ခံမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ တရားဝင်ဖော်ပြထားခြင်းသည် တရားဝင်ပြုလုပ်ရန်သာ တာဝန်ရှိကြောင်း နားလည်ထားပေးပါ။ အဲဒီနှုန်းထားအလိုက် ငွေပေးသွင်းပြီးပါက အခြေခံအသင်းဝင်အဆင့် ( Basic ) အဖြစ်ကို အလိုလိုရရှိသွားမှာဖြစ်ပါတယ်။ သင်တန်းနှုန်းထားတွေကို မြန်မာနိုင်ငံမှ လွယ်ကူစွာနားလည်စေဖို့ မြန်မာကျပ်ငွေများဖြင့် ဖော်ပြထားသော်လည်း သင်တန်းတက်ရောက်မည့်သူသည် မြန်မာနိုင်ငံ၏ပြင်ပမှဖြစ်ပါက မိမိနိုင်ငံအလိုက် သက်ဆိုင်ရာ နှုန်းထားအပြောင်းအလဲရှိနိုင်ကြောင်း သတိပြုစေလိုပါတယ်။

အသင်းဝင်ကြေး

အသင်းဝင်ကြေး ဆိုတာကတော့ သင်တန်းအလိုက် သင်တန်းသားတွေကို အဆင့်သုံးဆင့်ခွဲခြားထားပါတယ်။ အဲဒီ အဆင့်အလိုက်လစဉ် ပေးသွင်းရမယ့် ဉာဏ်ပူဇော်ခနှုန်းကို ဆိုလိုပါတယ်။ အသင်းဝင်ကြေးကို တစ်လလျှင် တခါအဖြစ်သတ်မှတ်ထားတဲ့အတွက် မိတ်ဆွေတို့ဘက်က လစဉ်ကြေးမပေးနိုင်လို့ ရပ်တန့်ထားမယ်ဆိုရင်လည်း ရပ်တန့်ထားနိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် အဲဒီလို ရပ်တန့်ထားခြင်းအားဖြင့် သင်တန်းကြေး ပေးသွင်းထားပြီးဖြစ်သော်လည်း သင်တန်းအတွင်းမှ သင်ခန်းစာများကို ဆက်လက်ဖတ်ရှုခွင့် ရတော့မည်မဟုတ်ပါ။ သင်ခန်းစာဖက်ရှုခွင့်သည် အသင်းဝင်ကြေးမှန်မှန် ပေးသွင်းနေသည့် သင်တန်းသားအတွက်သာဖြစ်ကြောင်း နားလည်ထားစေလိုပါတယ်။

သင်တန်းကြေးပေးသွင်းထားပြီး အသင်းဝင်ကြေးပေးသွင်းရန် ပျက်ကွက်သူများအား ရက်ပေါင်း ၃၀ အထိ စောင့်ပေးမှာဖြစ်ပြီး ထပ်မံအသင်းဝင်ကြေးပေးသွင်းခြင်းမရှိပါက လက်ရှိအသင်းဝင်အကောင့်ကို ဖျက်သိမ်းလိုက်မှာဖြစ်ပါတယ်။ အကောင့်ဖျက်ခံရပါက သင်တန်းအတွင်း ပြန်ဝင်ရန် သက်ဆိုင်ရာသင်တန်းကြေး၊ အသင်းဝင်ကြေးများ ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း နားလည်ထားစေလိုပါတယ်။ သင်တန်းသားတွေရဲ့ အဆင့်အလိုက် သင်ခန်းစာတွေကို ဖတ်ရှုရှုခွင့်ရအောင်၊ တိုင်ပင်ခွင့်ရအောင် ကျနော့်ဘက်က စနစ်တကျ စီမံပေးထားတဲ့အတွက် သက်ဆိုင်ရာ သတ်မှတ်အသင်းဝင်နဲ့ အသင်းဝင်ကြေးကို လေ့လာထားဖို့ လိုအပ်ပါတယ်။ အောက်မှာ လေ့လာပါ။

သင်တန်းတက်ရောက်လိုသည့် သင်တန်းသားတစ်ယောက်သည် မိမိနှစ်သက်ရာ သင်တန်းအလိုက် သင်တန်းကြေးနှင့်တကွ၊ မိမိနှစ်သက်ရာ အသင်းဝင်အဆင့်အလိုက် လစဉ်ကြေးကို ( ပထမလအတွက် ) ပေးသွင်းထားမှသာ သင်တန်းသားအဖြစ်ကို စတင်ရရှိမှာဖြစ်ပါတယ်။ အသင်းဝင်အဆင့်ကို နောက်မှ အဆင့်မြှင့်ချင်တယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး။ အဆင့်မြှင့်တဲ့အတွက် အကောင့်ပြောင်းလျှောက်စရာလည်းမလိုအပ်ပါဘူး။ လက်ရှိလကုန်တာနဲ့ တိုးမြှင့်လိုတဲ့ အသင်းဝင်အဆင့်ကို သက်ဆိုင်ရာ အသင်းဝင်ကြေးပေးပြီး တိုးမြှင့်နိုင်ပါတယ်။ သို့သော် သတိပြုရန်မှာ အသင်းသားအလိုက် ရှိသင့်ရှိအပ်တဲ့ အရည်အချင်းကို ကျနော့်ဘက်မှ စစ်ဆေးနိုင်တဲ့အတွက် အဆင့်မြင့်အသင်းဝင်တစ်ယောက်ဖြစ်ဖို့ ကျနော့်ရဲ့ ခွင့်ပြုချက် လိုအပ်နိုင်ကြောင်း သတိပြုပါ။ အသင်းဝင်ကြေးနှုန်းထားများမှာ မိမိအသင်းဝင်အဆင့်အရ ပေးဆောင်ရမည့် နှုန်းထားများသာဖြစ်ပြီး သင်တန်းအသစ်ဝယ်ယူတိုင်း အပိုပေးဆောင်ရမည့် နှုန်းထားများမဟုတ်ပါ။ အသင်းဝင်ကြေးကိုလည်း မြန်မာနိုင်ငံမှ လွယ်ကူစွာနားလည်စေဖို့ မြန်မာကျပ်ငွေများဖြင့် ဖော်ပြထားသော်လည်း အသင်းဝင်သည် မြန်မာနိုင်ငံ၏ပြင်ပမှဖြစ်ပါက မိမိနိုင်ငံအလိုက် သက်ဆိုင်ရာ နှုန်းထားအပြောင်းအလဲရှိနိုင်ကြောင်း သတိပြုစေလိုပါတယ်။

သင်တန်းကြေး နဲ့ အသင်းဝင်ကြေး အဓိက ကွာခြားချက်

  • သင်တန်းကြေး ဆိုတာက ဝယ်ယူလိုတဲ့ သင်တန်းအတွက် ဉာဏ်ပူဇော်ခနှုန်းထားဖြစ်ပြီး လစဉ်ကြေးမဟုတ်ပါ။ စည်းကမ်းများ ( Rules ) လိုက်နာပါက ရာသက်ပန် ထပ်မံပေးဆောင်ရန်မလိုပါ။
  • အသင်းဝင်ကြေးဆိုတာက ဝယ်ယူထားသမျှသင်တန်းများမှ သင်ခန်းစာများကို ဖတ်ရှုရန်၊ မေးမြန်းရန်၊ တိုင်ပင်ရန်၊ လေ့လာရန် စသည့်ကိစ္စရပ်များအတွက် လစဉ်ပေးဆောင်ရမယ့် နှုန်းထားဖြစ်ပါတယ်။

နည်းပညာဆိုင်ရာ စည်းမျဉ်းများ

ဒီ သင်တန်း Website ကို အသုံးပြုမယ့် သူတိုင်းဟာ အောက်ပါစည်းမျဉ်းစည်းကမ်းများကို ဖတ်ရှုနားလည်ထားပြီး လိုက်နာပေးဖို့လိုပါတယ်။

  • အသင်းဝင်တစ်ယောက်ရဲ့ နာမည်ရင်း၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ၊ ဖုန်းနံပါတ် စတဲ့ အချက်အလက်တွေကို Site မှ တရားဝင်တောင်းဆိုနိုင်ခွင့်ရှိပါတယ်။
  • Site အတွင်းဝင်ရောက်သူဟာ ရိုးသားမှုအထူးရှိဖို့လိုပါတယ်။ မရိုးမသားသော အကြံအစည် တစုံတရာရှိပါက ထိရောက်စွာ အရေးယူသွားမှာဖြစ်ပါတယ်။ ( ဥပမာ ... နေထိုင်ရာနိုင်ငံအမှန်မပြောနိုင်ခြင်း၊ Email အတုများအသုံးပြုခြင်း၊ Device များစွာမှ အသုံးပြုနေခြင်း )
  • နည်းပညာအခက်အခဲကြောင့် Site အတွင်း စာဖတ်မရခြင်း၊ ဆက်သွယ်မရခြင်း၊ တစုံတရာပြုလုပ်ခွင့်မရခြင်းများသည် ကျနော့်မှာ တာဝန်အပြည့်ရှိတဲ့အတွက် ကျနော့်ဘက်က ထိရောက်စွာ ဖြေရှင်းကူညီနိုင်ပါတယ်။ ဖြစ်လာတဲ့ နည်းပညာအခက်အခဲများကို ကျနော့်ဆီ ဆက်သွယ်ပြီး တင်ပြပေးခွင့်ရှိပါတယ်။ ဥပမာ ... မြန်မာစာဖတ်မရခြင်း၊ ခလုတ်နှိပ်မရခြင်း၊ အကောင့်ဝင်မရခြင်း
  • အသင်းဝင်တစ်ယောက်အနေနဲ့ မိမိအမြဲတမ်းအသုံးပြုမည့် Email, ဖုန်းနံပါတ်များကိုသာ အသုံးပြုပြီး အကောင့်လျှောက်သင့်ပါတယ်။ မိတ်ဆွေတို့ရဲ့ အချက်အလက်တွေကို ကျနော့်ဘက်က လျှို့ဝှက်ထားပေးမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ နောင်တချိန် တစုံတရာ ပြဿနာပေါ်ပေါက်လာပါက Site မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းသိစေလိုပါတယ်။ ဥပမာ ... အကောင့်ပျက်စီးခြင်း၊ အကောင့်ပျောက်ဆုံးခြင်း
  • အသင်းဝင်တစ်ယောက်သည် သင်တန်းအကောင့်တစ်ခုရှိရုံနဲ့ လုံလောက်ပါတယ်။ လူတစ်ဦးထဲမှ အကောင့်များစွာဖွင့်ခြင်းအား ခွင့်ပြုမည်မဟုတ်ပါ။
  • မိမိသင်တန်းအကောင့်ကို မိမိတစ်ဦးထဲသာ အသုံးပြုခွင့်ရှိပါတယ်။ မိမိအကောင့်အား တခြားတပါးသောသူတစ်ဦးဦးအား ပေးသုံးထားကြောင်း စစ်ဆေးတွေ့ရှိပါက ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးနိုင်သည်ဖြစ်ကြောင်း သတိပြုပါ။

လောကီပညာဆိုင်ရာ စည်းမျဉ်းများ

ဝိဇ္ဇာဓရ လောကီပညာသင်ကြားမည့်သူတိုင်းဟာ အောက်ပါစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပေးဖို့လိုပါတယ်။

  • ဆရာနဲ့ပညာအပေါ် လေးစားယုံကြည်ရပါတယ်။ ပြစ်မှားစော်ကားခြင်း မရှိသင့်ပါ။
  • ပညာမာန်ကင်းရပါမယ်။ အခြား ဂိုဏ်းဂဏများအား ပြစ်မှားစော်ကားခြင်းမပြုရပါ။
  • သစ္စာရှိရပါမယ်။
  • မကောင်းမှုမှန်သမျှ ရှောင်ကျဉ်ရပါမယ်။ ဥပမာအားဖြင့် မတရားမှုတွေမှာ မိမိပညာထုတ်သုံးခွင့်မရှိပါ။
  • သူတပါးအား အကြောင်းမဲ့ ဖျက်ဆီးခြင်း၊ ပျက်စီးရာပျက်စီးကြောင်းကြံစည်ခြင်း မပြုရပါ။
  • ဒီပညာရပ်တွေဟာ မိမိအကျိုး၊ အများအကျိုးအတွက် ကောင်းတဲ့ဘက်မှာ အသုံးချသင့်ပါတယ်။
  • ပညာရပ်တွေရဲ့ လျှို့ဝှက်ချက်တွေကို ဆရာရဲ့ခွင့်ပြုချက်မရှိပဲ ပြန်လည်မျှဝေခွင့်မရှိပါ။ မထိုက်တန်သူတွေလက်ထဲ မရောက်ရှိရေးဟာ မိမိတာဝန်သာဖြစ်ကြောင်းနားလည်ထားပါ။
  • မိမိကိုယ်တိုင် ဆရာတဆူဖြစ်လာမှာပါ။ ဆရာတစ်ယောက်မှာ ရှိသင့်တဲ့ ကျင့်ဝတ်၊ သိက္ခာပိုင်းအားလုံးကို မိမိကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ပါတယ်။ ဥပမာ … သူတပါးခိုင်းတိုင်း လိုက်လုပ်ပေးခြင်းသည် မိမိက အခိုင်းခံသက်သက်သာဖြစ်သည်။ ဆရာမဟုတ် ကျွန်သက်သက်သာ၊ ဆရာဟူသည် သင့်မသင့်၊ အပ်မအပ်၊ နှိုင်းနှိုင်းဆဆဖြင့် အရာရာကို မိမိဘာသာဆုံးဖြတ် သုံးသပ်ပြီးမှ လုပ်သင့်လုပ်ထိုက်ပါသည်။
  • တချို့သောပညာရပ်များသည် မိမိအတွက်၊ သူတပါးအတွက် ထိခိုက်စေနိုင်ပါသည်။ မိမိတွင် ဆုံးဖြတ်ခြင်း စွမ်းအားမရှိပါက ဆရာသမားထံ ခွင့်ပန်ပြီးမှသာ ပြုလုပ်သင့်ပါသည်။ ဥပမာ … ကာယသိဒ္ဓိအင်းရေးဆွဲပေးခြင်း။
  • ပညာရပ်တိုင်းတွင် သက်ဆိုင်ရာ အစောင့်အရှောက်များရှိပါသည်။ မိမိအာဏာစက်မဟုတ်ပါ။ သက်ဆိုင်ရာ အစောင့်အရှောက်တွေနှင့် ရင်းနှီးမှုရ​အောင် သက်ဆိုင်ရာ ကျင့်စဉ်များကို ပေါက်မြောက်အောင် ကျင့်ကြံအားထုတ်ထားသင့်ပါသည်။ ပျင်းရိသူအတွက် ဤသင်တန်းသည် အသုံးဝင်မည်မဟုတ်ပါ။
  • ဝိဇ္ဇာပညာရပ်သည် သိပ္ပံပညာရပ်မဟုတ်ကြောင်း အထူးသတိပြုပါ။ ၁ နဲ့ ၁ ပေါင်းရင် အမြဲ ၂ ရတာဟာ သိပ္ပံပညာဖြစ်ပါသည်။ ဝိဇ္ဇာပညာတွင် ထိုသို့မဟုတ်နိုင်ပါ။ ၁ နဲ့ ၁ ပေါင်းလိုက်ခြင်းသည် ၂ ရချင်လည်း ရမည်၊ ရံခါ ၃၊ ၄ ၊ ၅ လည်း ဖြစ်သွားနိုင်ကြောင်းသတိပြုပါ။ ပမာပြုရသော် … ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ပေါင်းလိုက်ခြင်းတွင် သားသမီးမရပါက သူတို့ပေါင်းစပ်မှုဟာ ၂ အဆင့်မှာပဲတည်ရှိပါ သည်။ သားသမီးရပါက ၃၊ ၄၊ ၅ ဖြစ်ချင်သလိုဖြစ်သွားပါမည်။ ဤကား နားလည်အောင် ဥပမာပေးခြင်းသာ။
  • ရိုးသားခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ တာဝန်ယူတတ်ခြင်း၊ စိတ်ဓာတ်ခိုင်မာခြင်း၊ အကျင့်စာရိတ္တကောင်း ခြင်းများသည် ဤပညာအတွက် အမြဲအထောက်အပံ့ရနိုင်ကြောင်းသတိပြုပါ။ မဟုတ်ပါက ပညာခိုက် တတ်ပါသည်။
  • ပညာကို စုံအောင်သင်ပါ။ ပညာစုံအောင် ဆရာသမားမှ တာဝန်ယူသင်ကြားပေးပါသည်။ ပညာမစုံပါက အတွေးအခေါ်၊ အသိပညာမစုံနိုင်ပါ။ ပညာမစုံပဲ အသုံးပြုခြင်းသည် ဆေးမဟုတ်၊ အဆိပ်ဖြစ်ကြောင်း သတိပြုပါ။

ဤပညာရပ်အား မယုံကြည်သူတချို့မှ အမျိုးမျိုးဝေဖန်တိုက်ခိုက်နိုင်ပါသည်။ သူတို့မယုံကြည်ခြင်းသည် သူတို့သဘောသာ၊ မိမိယုံကြည်ပါက မိမိယုံကြည်ချက်ကို မစွန့်သင့်ပါ။ ထိုအတွက်လည်း ဒေါသအမျက် မထွက်သင့်ပါ။ မိမိယုံကြည်ရာလမ်းကို ခိုင်ခိုင်မာမာရပ်တည်ပြီး လျှောက်လမ်းရန်မှာ မိမိတာဝန်သာဖြစ်ကြောင်းသတိပြုပါ။ အချို့သောသူတို့သည် ဝိဇ္ဇာလမ်းအား မြတ်စွာဘုရားခွင့်မပြုသောလမ်းအဖြစ် ယိုးစွပ်တတ်ကြကုန်၏။ ဘုရားတို့မည်သည် သံသရာခရီးမရှည်စေခြင်းအလို့ငှာ နိဗ္ဗာန်တည်းဟူသော လမ်းကောင်းလမ်းမြတ်ကိုသာ ညွှန်ပြလေ့ရှိ၏။ ဝိဇ္ဇာလမ်းမှာ နိဗ္ဗာန်သို့ တိုက်ရိုက်သွားခြင်းလမ်းမဟုတ်ရကား ဘုရားရှင်တို့အနေနှင့် အထူးလမ်းညွှန်မည်မဟုတ်ပါချေ။ သို့သော်လည်း ပဉ္စကနိပါတ်၊ တစသာရဇာတ် တွင် အခွင့်အရေးကြုံကြိုက်ပါက အကြောင်းတရား ငါးပါးနှင့် လွတ်မြောက်အောင် ကြံစည်အားထုတ်ရမည် ဟု အောက်ပါအတိုင်း ဟောဆိုထားပါတယ်။

ဇပ္ပေနမန္တေန သုဘာသိတေန၊ အနုပ္ပဒါနေန ပဝေဏိယ ဝါယထာ ယထာယတ္ထ လဘေထအတ္တံ၊ တထာ တထာ တတ္ထ ပရက္ကမေယျ။

ထိုစကားတော်ကို ထောက်ခြင်းအားဖြင့် ဝိဇ္ဇာလမ်းသည် နိဗ္ဗာန်သို့ မျက်မှောက်မပြုသော်လည်း လောကီကိစ္စတွင် အသုံးပြုနိုင်ကြောင်း သိနိုင်ပါသည်။ ဝိဇ္ဇာလမ်းကား … လိုလားအပ်သော သိဒ္ဓိများကို ရရှိနိုင်ရေး၊ ရလာသောသိဒ္ဓိများဖြင့် လူသားများကို ကူညီကယ်တင်ရေး၊ နောင်ပွင့်လတ္တံ့သော ဘုရားရှင် အား ကိုယ်တိုင်ကိုယ်ကျ ဖူးမျှော်ပြီးမှသာ နိဗ္ဇာန်သို့ ရောက်ရှိရေး စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနှင့် လိုက်စားတတ်ကြပါသည်။ သံသရာတွင် ကျင်လည်နေတတ်ခြင်း၊ နိဗ္ဗာန်သို့ ချက်ခြင်းမရောက်ခြင်း ဟူသောအကြောင်းကြောင်းကြောင့် ဘုရားရှင်တို့သည် ခွင့်ပြုလေ့မရှိကုန်။ ဘုရားရှင် တားမြစ်ခြင်းသည် အပြစ်ဖြစ်၍ မဟုတ်ကြောင်းကိုမူ ကောင်းစွာ နားလည်ထားသင့်ပါသည်။ ဥပမာ ဆိုရသော် … ဖခင်သည် သားကို ကျောင်းဆရာဖြစ်စေချင်၏။ ကျောင်းဆရာအလုပ်သည် မပင်ပန်းခြင်း၊ လူအများက ကြည်ညိုလေးစားခြင်း၊ လူကြားထဲ ဝင်ဆံ့ခြင်း စသည့် အကြောင်းပြချက်များကြောင့် လုပ်စေချင်ခြင်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် မိမိအနေနဲ့ ကျောင်းဆရာမလုပ်ချင်ပါက မိမိစိတ်ကြိုက်ရွေးချယ်ခွင့်ရှိပါသည်။ ကျောင်းဆရာမလုပ်ပဲ ဗေဒင်ဆရာလုပ်ခြင်းသည်လည်း လူအများလေးစားခံရခြင်း၊ မပင်ပန်းခြင်း စသဖြင့် ဂုဏ်များ ရှိနိုင်ပါသည်။ သို့သော် မတူညီခြင်းမှာ ကျောင်းဆရာအလုပ်သည် လူတိုင်း ယုံကြည်နိုင်သေး၏။ ဗေဒင်ဆရာအလုပ်ကား လူတိုင်း ယုံချင်မှ ယုံကြည်ပေလိမ့်မည်။ ဝိဇ္ဇာလမ်းကား ထိုနည်းနှင်နှင်ပင်ဖြစ်ချေ၏။

သင်တန်းသား စည်းမျဉ်းများ

သင်တန်းသားအားလုံးဟာ အောက်ပါ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာပေးဖို့ လိုအပ်ပါတယ်။

  • မိမိအသုံးပြုမယ့် Device ကို AI မှ မှတ်ပုံတင်ခိုင်းပါက မှတ်ပုံတင်ထားပါ။ လိုအပ်ပါက AI က အလိုအလျှောက်မှတ်ပုံတင်ခိုင်းပါလိမ့်မယ်။
  • သင်တန်းသားတစ်ယောက်ဟာ အကောင့်နှစ်ခု ပိုင်ဆိုင်ခွင့်မရှိပါ။ အကောင့်တစ်ခုထဲနဲ့ သင်တန်းမျိုးစုံတက်ရောက်နိုင်အောင် ဒီဇိုင်းပြုလုပ်ထားပြီးဖြစ်ပါတယ်။
  • မိမိကိုယ်ပိုင်အကောင့်အား တပါးသူအား တဆင့်ပေးအပ်ခွင့်မရှိပါ။ မိမိမသုံးချင်ပါက အကောင့်ပိတ်ခွင့် တောင်းဆိုနိုင်ပါတယ်။
  • ရက်ပေါင်း ၃၀ အထိ ဝင်ရောက်အသုံးပြုခြင်း မရှိပါက Auto အကောင့်ဖျက်သိမ်းလိုက်မှာဖြစ်ပါတယ်။ Active ဖြစ်နေရင် အကောင့်မပျက်ပါဘူး။
  • ခုမှသင်ခန်းစာစပြီးလေ့လာဖူးသူတိုင်း သင်ခန်းစာအစကနေ အစဥ်လိုက်ကို စိတ်ရှည်လက်ရှည်ဖတ်ပါ။
  • သင်ခန်းစာတစ်ခုစီတိုင်းကို နားလည်အောင်လုပ်ပါ။ ညွှန်ကြားချက်တွေလိုက်နာပါ။
  • နားမလည်တဲ့ သင်ခန်းစာတိုင်းရဲ့အောက်ခြေမှာ မေးချင်တာမေးနိုင်အောင် Comment Box လုပ်ပေးထားပါတယ်။ အဲ့ဒီကနေမေးပါ။
  • တချို့သင်ခန်းစာတွေဟာ လိပ်ပတ်မလည်ရင် နားမလည်ဖြစ်တတ်တဲ့အတွက် ရှေ့သင်ခန်းစာတွေနဲ့ ချိတ်ဆက်မိအောင် ဆက်ဖတ်ပါ။ နားမလည်ရင် မေးဖို့အားမနာပါနဲ့။
  • မေးခွန်းမေးဖို့ ပေးထားတဲ့နေရာကနေ ပညာရပ်၊ ပညာခန်းနဲ့မဆိုင်တာမမေးပါနဲ့... AI က အလိုအလျှောက် Delete လုပ်နိုင်ပါတယ်။ စကားလုံးစိစစ်ဖို့ Filter စနစ် ထည့်ထားပါတယ်။ ဥပမာ... ဆဲရင် Ban မှာဖြစ်ပါတယ်။
  • အကောင်းဆုံးက သင်ခန်းစာအစကနေ အဆုံးထိကို ဘာမှမမေးသေးပဲ အစဥ်လိုက်ကို အစကနေအဆုံးထိ တစ်ခေါက်အရင် နားလည်အောင်ဖတ်ပါ။ ပြီးရင် အစကနေ ပြန်စဖတ်ပြီးမှ နားမလည်တဲ့အပိုင်းလိုက်ကို ပြန်မေးပါ။

Device ခွင့်ပြုချက်

သင်တန်း Website ကို အသုံးပြုသူတိုင်းအတွက် လူတစ်ဦးလျှင် Device တစ်ခုကိုသာ သုံးစွဲခွင့်ပြုသွားမှာဖြစ်ပြီး လူတစ်ဦးမှ Device နှစ်ခုနဲ့ အထက်သုံးစွဲချင်ပါက လစဉ်ကြေးအပြင် Device အပိုကြေးကိုပါ ပေးဆောင်ရမှာဖြစ်ကြောင်း အသိပေးပါတယ်။ သုံးစွဲလိုသမျှ Device အားလုံးကိုလည်း မှတ်ပုံတင်ပေးထားရမှာဖြစ်ပါတယ်။ အကယ်၍ မှတ်ပုံတင်ထားခြင်းလည်းမရှိ၊ ခွင့်ပြုထားသော Device လည်းမဟုတ်ပါက သက်ဆိုင်ရာ အရေးယူမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း တခါထဲ အသိပေးလိုက်ပါတယ်။

နိုင်ငံ ခွင့်ပြုချက်

သင်တန်း Website ကို အသုံးပြုသူတိုင်းသည် သက်ဆိုင်ရာ မိမိနေထိုင်ရာဒေသရှိ Device များဖြင့် မှတ်ပုံတင်ကာ အသုံးပြုရမည်ဖြစ်ပြီး မရိုးမသားသော အကြံဖြင့် နိုင်ငံကျော်အသုံးပြုနေခြင်းများအားစစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။ ဥပမာ ... မိမိသည် ထိုင်းနိုင်ငံတွင် နေထိုင်ပါသော်လည်း မြန်မာနိုင်ငံတွင် နေထိုင်သူတစ်ဦးဟု လိမ်ညာအကောင့်ဖွင့်ပါက မရိုးသားသူတစ်ဦးဟု သတ်မှတ်မှာဖြစ်ပါတယ်။ ဤ Website သည် မရိုးသားသူများအတွက် နေရာမဟုတ်ကြောင်း အထူးသတိပေးလိုက်ပါသည်။

ပြစ်ဒဏ်များ

ကျနော့်အနေနဲ့ သင်တန်းကိစ္စ၊ ဗေဒင်ဆိုင်ရာကိစ္စရပ်များအားလုံးကို Australian Business Number (ABN) အကောင့်အောက်မှ တရားဝင်ပြုလုပ်နေခြင်းဖြစ်ပါတယ်။ အထက်ပါစည်းမျဉ်းစည်းကမ်းတွေဟာ လိုအပ်တဲ့အတွက်ကြောင့် ချမှတ်ပေးထားရတာဖြစ်ပါတယ်။ ဒါကြောင့် သင်တန်းသားမှန်ရင် လိုက်နာပေးရမယ့်စည်းကမ်းတွေဖြစ်ပါတယ်။ စည်းကမ်းဖောက်ဖျက်သော သင်တန်းသားများအတွက် အောက်ပါ အပြစ်ဒဏ်များထဲမှ မိမိနှင့် ထိုက်သည့်အားလျှော်စွာ ရရှိနိုင်ပါကြောင်း သတိပေးလိုက်ရပါတယ်။

  • တစုံတရာသော အပြစ်အတွက် သတိပေး ပြုပြင်ခိုင်းခြင်း
  • သင်တန်းသားအကောင့်ကို ယာယီပိတ်ပစ်ခြင်း
  • သတိပေးခြင်းမရှိ သင်တန်းအကောင့်ကို ဖျက်သိမ်းပစ်ခြင်း
  • ပညာရပ်ပိုင်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေအရ အရေးယူခြင်း